Thursday, July 12, 2007

ကန်ရာသီ (Virgo)

မေတ္တာရေးတွင် ရုတ်တရက် ဆုံးဖြတ်ရမည်။ နီးစပ်မှုကို အခြေတည်၍ ဆုံးဖြတ်ရမည်။ လူချစ်လူခင်ပေါမည်။ နောက်ဆုံးချိန်အထိ အရွေးရခက်အောင် ဒွိဟဖြစ်စရာများကြုံမည်။ မနာလို၊ အပြိုင်အတိုက်အခံများ၊ ဘေးစကား၊ သွေးသားများ အထင်လွဲအောင် ကြားမွှေ အနှောင့်အယှက်ပြုခံရခြင်းကို မေတ္တာရေးလမ်းကြောင်းတွင် ကြုံမည်။ မိမိဘ၀ကို အနစ်နာခံပြီး အရာရာကို စွန့်လွှတ်၍ မေတ္တာထားတတ်သည်။ ဘ၀တွင် အသိုင်းအ၀ိုင်း၊ အလွှာ၊ ၀န်းကျင်ချင်း မတူသောသူနှင့်အိမ်ထောင်ရေးကြုံမည်။ သတိပေးလိုသည်မှာ ဤရာသီဖွားများသည် မကြာခဏ တစ်ပါးသူအပေါ် ယုံစားလွယ်၍ လိမ်ညာခံရတတ်သည်။ မေတ္တာရေးတွင် လှည့်စားခံရတတ်သည်။ Virgo (ကန်)၊ Capricom (မကာရ)၊ Pisces (မိန်)၊ Leo (သိဟ်) ရာသီလေးခုတွင် မွေးသောသူဖြစ်ပါက မိမိအတွက် ထာဝရကောင်းသော မိတ်ဖက်အဖြစ် ရပ်တည်မည်။ တခြားသောကာလတွင် မွေးသောသူများဖြစ်က (တနင်္ဂနွေ၊ သောကြာ၊ စနေ) နေ့ မွေးသောသူများနှင့် မိမိတည့်သောသဘ၀ရှိပါသည်။ အိမ်ထောင်ရေးကံကောင်းမည်။ စိတ်အနှောင့်အယှက်ကြုံပြီးမှ အဆင်ပြေသာယာမည်။ သွယ်သွယ်၊ ပါးပါးလှပ်လှပ်၊ အေးတိအေးစက်နေတတ်၍ မျက်လုံး မျက်ခုံးကောင်းကာ၊ နှုတ်ခမ်းပါး၍ စကားတတ်သော ဖူးစာရှင်နှင့်တွေမည်။

ပြိဿရာသီ (Taurus)


ငယ်သူကို ဦးစားပေးတတ်သည်။ ခိုင်မာသောမေတ္တာကို ပိုင်ဆိုင်သည်။ မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းမြေ့အောင် ဖြည့်စွမ်းပေးလိုသော စိတ်ရှိသည်။ အချော့ကြိုက်၊ အပျော့ကြိုက်ဖြစ်သည်။ သစ္စာရှင်ဖြစ်သည်။ ခွင့်လွှတ်သည်းခံသည်။ ချစ်ခဲသည်။ အချစ်မြဲသည်။ ကောင်းသောဘ၀ဖော်ကိုလည်း ရနိုင်သည်။ မိဘပတ်ဝန်းကျင်နှင့်ဆန့်ကျင်ပြီး ကိုယ်တိုင်ဆုံးဖြတ်အိမ်ထောင်ပြုမည်ဖြစ်သည်။ အသိုင်းအ၀ိုင်း၊ ၀န်းကျင်မတူသော အနေအထားမှသူကို ရွေးမည်။ မေတ္တာလမ်းကြောင်းသည် မချောမွေ့။ အခက်အခဲများကြားမှ ဖြတ်သန်းရမည်။ ချစ်သူနှင့် ပေါင်းရမည့်ကံပါသည်။ ဤရာသီဖွားများသည် Virgo (ကန်)၊ Scorpio (ဗြိစ္ဆာ)၊ Capricom (မကာရ)၊ Taurus (ပြိဿ) ဖွားများနှင့် တည့်သည်။ ရေရှည်ဘ၀ဖော်အဖြစ်ရွေးပါက ၎င်းကာလလေးခုအတွင်း မွေးသောသူများဖြစ်ပါက (တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး) နေ့ မွေးသောသူများနှင့် တွဲဖက်ညီသည်။ အမည်အတွင်း (က၊ ခ၊ တ၊ ထ၊ န) ပါသောသူဖြစ်ပါက မည်သည့်နေ့မွေးသောသူဖြစ်စေ ကောင်းကျိုးပေးသည်။ ဤရာသီဖွားများသည် အသားလတ်လတ်၊ ဆံပင်ထူထူ၊ ဆံပင်ကောက်ကောက်၊ အရပ်မြင့်မြင့်၊ နှာတံပေါ်၍ နှာခေါင်း သို့မဟုတ် ပါးတွင် မှည့်ပါသောသူနှင့် ဖူးစာဆုံသော သဘာဝရှိသည်။

ဗြိစ္ဆာရာသီ (Scorpio)

အလွန်ထူးခြားသော နှလုံးသားကိုပိုင်ဆိုင်သည်။ တစ်ပါးသူ တားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်။ မိသားစု ပတ်ဝန်းကျင်နှင့် ဆန့်ကျင်၍ လုပ်လိုသော သဘာဝရှသည်။ အားသောဘက်မှရပ်တည်မည်။ အလွန်ကြောက်မတ်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလွယ်သည်။ ခံစားချက်များကို မျိုသိပ်တတ်သည်။ မိမိဘက်မှ တတ်အားသရွေ့ ပေးဆပ်သည်။ သည်းခံသည်။ ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သောသူကိုပင် စွန်ပစ်မည်။ ခွာသောအခါတွင်လည်း သံယောဇဉ် လုံးဝမရှိလောက်အောင်ဖြစ်မည်။ နောက်တစ်ယောက်ကို တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့် ချစ်ခင်မည်။ အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိပါ။ ဘ၀တွင် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော နှလုံးသားကို ပိုင်ဆိုင်ထားပြီး၊ တစ်ပါးသူမဆိုထားနှင့် မိမိကိုယ်မိမိပင် နားမလည်နိုင်သော၊ ထူးခြားသော နှလုံးသားပိုင်ရှင်ဖြစ်သည်။ Taurus (ပြိဿ)၊ Gemini (မေထုန်)၊ Aries (မိဿ)၊ Pisces (မိန်) ၎င်းကာလ လေးခုတွင်မွေးသောသူနှင့်တည့်သည်။ မိမိအတွက်ကောင်းသောအဖော်မွန်ဖြစ်သည်။ (တနင်္လာ၊ တနင်္ဂနွေ၊ ကြာသာပတေး) နေ့ မွေးသူများဖြစ်ပါက မိမိအား ကောင်းကျိုးပေးသော မိတ်အဖြစ်ရပ်တည်မည်။ တစ်ဇွတ်တိုလုပ်ခြင်း၊ အေးစက်စက်နှင့် ရက်စက်တတ်ခြင်း၊ ပတ်ဝန်းကျင်ပြောစကား လေးနက်စွာနားထောင်တတ်ခြင်းများ၊ နှာတံပေါ်၍နှုတ်ခမ်းပါးသော၊ အေးချမ်းရိုးသားစွာနေတတ်သော ဖူးစာရှင်ကို ရရှိမည်။

ဓနုရာသီ (Sagittarius)


အလွန်နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်သည်။ အပေါ်ယံတွင် စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်း၊ တစ်ဇွတ်ထိုးလုပ်တတ်ခြင်း၊ ရဲရင့်ခြင်း၊ ပြတ်သားခြင်းရှိသလောက် နှလုံးသားရေးရာတွင် သနားလွယ်၊ ယုံလွယ်၊ စိတ်ညွှတ်လွယ်တတ်သည်။ သနားချစ် နှလုံးသားမှပေါ်တတ်သည်။ ချစ်ခဲသော်လည်း အချစ်မြဲတတ်သည်။ အလွယ်တကူ မဆုံးဖြတ်တတ်။ ဆုံးဖြတ်ပြီးသောအခါတွင်လည်း ပြန်လည်ပြင်ဆင်မှု ဘယ်သောအခါမှ မပြုပါ။ လူချစ်လူခင် ပေါများမည်။ ချစ်သူရည်းစားများမည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလို ခံစားရမည်။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် ကံပါလာသည်။ ဘ၀တွင် အသက် ၂၃ နှစ်မတိုင်မီအထိ မေတ္တာရေးတွင် မတည်ငြိမ်ပါ။ ဘ၀အဖော်အဖြစ် ရွေးသောအခါတွင် ( တနင်္ဂနွေ၊ တနင်္လာ၊ ကြာသာပတေး) နေ့ မွေးသူထဲမှရွေးက အထူးသင့်တော်ပါသည်။ မိမိနှင့်သဟဇာတ ဖြစ်မည်။ Aries (မိဿ)၊ Leo (သိဟ်)၊ Gemini (မေထုန်)၊ Scorpio (ဗြိစ္ဆာ) ရာသီခွင်လေးခုတွင် မွေးသောသူဖြစ်ပါက မည်သည့်နေ့မွေးသောသူဖြစ်စေ မိမိအကား အထူးကောင်းကျိုးပေးသောသဘာဝရှိသည်။ အရာရာ ကိုယ်တိုင်ဆုံးဖြတ်ပြီး ဆောင်ရွက်ပါ။ အသားဝင်း၊ အသားလတ်၊ နှာတံပေါ်၊ ခန္ဓာကိုယ်သွယ်လျ၊ မျက်နှာသွယ်၊ မျက်ဝန်း လင်းလက်ကာ စကားပြောမြန်၍ ခေါင်းမာ တစ်ဇွတ်ထိုးလုပ်တတ်သော ဖူးစာရှင်နှင့် ဆုံစည်းမည်။

မိန်ရာသီ (Pisces)


အလွန်အေးချမ်းမြင့်မြတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အလွန် သံယောဇဉ်ကြီမည့် မေတ္တာရှင်ဖြစ်မည်။ သူတစ်ပါးအပေါ် အလွန်နားလည် ခွင့်လွှတ်တတ်သော သဘာဝရှိ၏။ ဘ၀တွင် တစ်ပါးသူအတွက်မိမိရှင်သန်ပေးရမည်။ အေးချမ်းစွာနေတတ်၍ မသိသူက မိမိအား မချစ်တတ်ဟူ၍ ထင်ယောင်ထင်မှား ခံရမည်။ လူတစ်ဦးတစ်ယောက်ကို ချစ်မိပါက ၎င်းင်းအတွက် မိမိတတ်စွမ်းနိုင်သမျှ အရာရာ ပေးဆပ်တတ်သည်။ စိတ်ကူးယဉ်အချစ်ဖြစ်သည်။ မေတ္တာစစ်ကို ဦးစားပေးမည်။ အတ္တရှိမည်။ သို့သော်ဘ၀တွင် အမြဲအရွေးရခက်အောင် မေတ္တာရေး နှစ်ခွကြားတွင် ရောက်တတ်သည်။ အခက်အခဲအနှောင့်အယှက်များကြားမှ အိမ်ထောင်ဘ၀ကို ထူထောင်ရမည်။ အထင်လွဲမှုများဖြေရှင်ရမည်။ ဘ၀တွင် အသက် ( ၁၅၊ ၁၇၊ ၁၉၊ ၂၁၊ ၂၃) နှစ်များတွင် မေတ္တာရေး မချောမွေ့ပါ။ အသက် ၂၅ ကျော်လျှင် အဖက်ဖက်မှကောင်းသော အခြေအနေကိုရမည်ဖြစ်သည်။ Pisces (မိန်)၊ Virgo (ကန်)၊ Leo (သိဟ်) ရာသီများနှင့် ဘက်ညီသည်။ ရေရှည်လက်တွဲဖော်အဖြစ် ရပ်တည်မည်။ (တနင်္ဂနွေ၊ ကြာသာပတေး၊ စနေ) နေ့မွေးသောသူများနှင့် တည့်ပါသည်။ ပင်ကိုအေးချမ်းမှုရှိပါ၏။ သွားစွယ်၊ သွားတက်ရှိပြီး၊ ဆံပင်ထူပွပွနှင့် မျက်လုံး မျက်ခုံးကောင်း၍ ခန္ဓာ အဆစ်အချိုးပါးလျလျနှင့်သူကို ဖူးစာဆုံမည်။

တူရာသီ (Libra)

ပင်ကိုသဘာဝတွင် အလွန်ခေါင်းမာ၍ မာနရှိသည်။ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲတတ်သော အေးစက်စက် နှလုံးသားကိုပိုင်ဆိုင်သည်။ လူချစ်လူခင်ပေါများမည်။ ပညာရှိသောသူကိုသာ လက်ခံစဉ်းစားတတ်သည်။ မေတ္တာရေးတွင် ချစ်ခဲသည်။ အချစ်မြဲသည်။ မျှတစွာတွေးတတ်သည်။ ဘ၀တွင် အသက် ၁၆ မှ ၂၂ အထိ မေတ္တာရေးတွင် မကောင်းပါ။ အသက် ၂၂ နှစ်ကျော်မှစ၍ မေတ္တာကံကောင်းသော်လည်း အိမ်ထောင်ရေးသည် အသက် ၂၅ နှစ်ကျော်မှ ကောင်းတတ်သော သဘာဝရှိသည်။ နီးစပ်မှုကို အခြေတည်၍ ဘ၀အဖော်ကို ရွေးတတ်သည်။ မြောက်မြားစွာသော ရွေးစရာများထဲမှ မိမိစိတ်ကြိုက်ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က မိမိအရွေးမှားသည်ဟု ပြောလိမ့်မည်။ ရွေးလိုက်သောသူသည် မိမိလက်တွင်းရောက်မှ ထက်မြတ်လာကာ အများမှ အရွေးကောင်းလေစွဟု ပြောကြလိမ့်ဦးမည်။ Aries (မိဿ)၊ Gemini (မေထုန်)၊ Libra (တူ)၊ Aquarius (ကုမ်) ၎င်းကာလ လေးခုအတွင် မွေးသူများဖြစ်ပါက မည်သည့်နေ့တွင်မွေးသူဖြစ်စေ မိမိအားကောင်းကျိုးပေး၍ ဘ၀ကို လက်တွဲညီစွာ ဖြတ်သန်းမည်။ (တနင်္ဂနွေ၊ သောကြာ၊ စနေ) နေ့ မွေးသောသူများထဲမှ ရွေးပါကလည်း အထူးကောင်းသော အနေအထားရှိပါသည်။ ဉာဏ်ကြီးကာ စကားပြောကောင်း၍ မျက်နှာလေးထောင့်၊ နှာတံပေါ်၍ မျက်ရစ်မပါသော သို့မဟုတ် မျက်လုံးမှေး၍ အမြဲပြုံးနေသောသူနှင့် ဖူးစာဆုံမည်။

သိဟ်ရာသီ(Leo)

မြင့်မြတ်သော နှလုံးသားပိုင်ရှင်များဖြစ်သည်။ မေတ္တာရေးကို လေးနက်စွာ စဉ်းစားသုံးသပ်တတ်သည်။ အိမ်ထောင်ဖက်ရွေးသောအခါတွင် နှလုံးသားသာမက ဦးနှောက်၏ ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းတတ်သည်။ နှလုံးသားကို ဦးစားပေးက ပို၍ကောင်းမည်။ လူတစ်ဦးတစ်ယောက်အပေါ် အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ ဤရာသီဖွားများသည် အလွန်စန်းပွင့်သောကံပါ၍ တစ်ဦးထက်ပိုသော မေတ္တာပိုင်ရှင်ကို တွေ့ရတတ်ပါသည်။ ထိုကိစ္စသည်ပင် ဘ၀၏ အနှောင့်အယှက်သဖွယ် ဖြစ်တတ်သည်။ ခွင့်လွှတ်တတ်သော သဘာဝကို တစ်ဖက်သူက အခွင့်အရေးယူတတ်သည်။ မေတ္တာလမ်းကြောင်းတွင် ဆုံကွဲပြီးမှ ပြန်လည်အဆင်ပြေတတ်သော ကွာ-စေ့ ဇာတ်လမ်းကြုံမည်။ Aries (မိဿ)၊ Leo (သိဟ်)၊ Sagttarius (ဓနု)၊ Aquarius (ကုမ်) ရာသီလေးခုတွင် မွေးသူဖြစ်ပါက မည်သည့် နေ့မွေးသောသူဖြစ်စေ မိမိအတွက် အထူကောင်းသော မိတ်ဖက်အဖြစ် ရပ်တည်မည်။ ၎င်းကာလမှတစ်ပါး တခြားကာလတွင် မွေးသောသူဖြစ်ပါက (တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေး) နေ့ မွေးသောသူများနှင့် တည့်သည်။အသားလတ်၊ နှာတံပေါ်၍ ခေတ်ဆန်ဆန်၊ သွက်သွက်လက်လက်၊ ပါးပါးလှပ်လှပ် ပညာတ်သောသူနှင့် ဖူးစာဆုံမည်။

မေထုန်ရာသီ(Gemini)


အမြဲရွေးရခက်အောင် နှစ်မျိုးနှစ်ခွဖြစ်တတ်သည်။ ပညာရှိပြီး၊ ဉာဏ်ရည်မြင့်သောသူကို နှစ်သက်သည်။ မိမိနှင့် တိုင်ပင်ဖော်၊ တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သောသူကို ဘ၀ဖော်အဖြစ် ဦးစားပေးရွေးမည့် သဘာဝရှိသည်။ ဤရာသီဖွားများ၏ နှလုံးသားသည် အလွန်မာသည်။ အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သောသဘာဝမရှိပါ။ မိမိအပေါ် လေးစားခြင်း၊ တန်ဖိုးထားခြင်းနှင့် မိမိက လေးစားနိုင်ခြင်း ရှိသောသူကိုသာ အိမ်ထောင်ဖက်အဖြစ်ရွေးမည်။ Gemini (မေထုန်)၊ Libra (တူ)၊ Sagittarius (ဓနု)၊ Aquarius (ကုမ်) ၎င်းရာသီခွင်လေးခုတွင် မွေးသောသူများဖြစ်ပါက မည့်သည့်နေ့တွင် မွေးသောသူများဖြစ်စေ မိမိအတွက် အကျိုးပေးသည်။ ၎င်းကာလ လေးခုမှ တစ်ပါး တခြားသောကာလတွင် မွေးသောသူများဖြစ်ပါက (စနေ၊ တနင်္လာ၊ သောကြာ) နေ့မွေးသောသူမျာနှင့် အဖော်မွန်အဖြစ် ရွေးချယ်အဆင်ပြေနိုင်ပါသည်။ မတည့်သောသူဟူ၍မရှိပါ။ တခြားနေ့ မွေးသောသူများ အလယ်အလတ် အကျိုးပေးပါသည်။ ဘ၀တစ်လျှောက်တွင် အသက် ၁၆၊ ၂၀၊ ၂၃၊ ၂၈၊ ၃၁၊ ၃၆ နှစ်များတွင် အိမ်ထောင်ပြုခြင်း၊ မေတ္တာရေးကို လက်ခံခြင်း မပြုရပါ။ ၎င်းကာလများတွင် မေတ္တာရေး၊ အိမ်ထောင်ရေး စဉ်းစားက မတည်မြဲပါ။ နူညံ့စွာ ပြောဆိုခြင်း၊ မျက်လုံး ဟောက်ခြင်း၊ နဖူးကျယ်၍ နှာတံပေါ်ကာ၊ နှုတ်ခမ်းပိပိပြတ်ပြတ်စေ့တတ်သော၊ သပ်ရပ်စွာနေတတ်သော အသွင်ရှိသူနှင့်ဖူးစာဆုံမည်။

မကာရရာသီ (Capricorn)


အနစ်နာခံမည်။ အနွံအတာခံမည်။ တစ်ပါးသူကောင်းစားရေးအတွက် မိမိဘ၀၊ မိမိနှလုံးသားကို အနစ်အနာခံ ပေးဆပ်လိုသည်။ သူတစ်ပါး တိုးတက်မှုကိစ္စအတွက် မိမိဘ၀ကို ငြမ်းသဖွယ်၊ လှေကားထစ်သဖွယ် ပေးဆောင်မည့် နှလုံးသားကို ပိုင်ဆိုင်သည်။ သီးသန့်နေလိုသော သဘာဝရှိသည်။ သူတစ်ပါးက စိတ်မ၀င်စား ပစ်ပယ်ထားသော အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်သည်။ မေတ္တာရေးဆုံးဖြတ်ချက်တွင် ကိုယ်တိုင် ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီးမှ ရှေ့တိုးတတ်သည်။ သို့သော် ဘ၀တစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်။ နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှ ဝေေ၀ဆာဆာ လှလှပပ သကားဖုံး၍ မပြောတတ်ခြင်းကြောင့် မိမိဘ၀တွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့၍ အမြဲအရှုံးပေးရတတ်သောသဘာဝရှိ၏။ အချစ်လွန်ကဲခြင်း၊ နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတို့ လျှော့သင့်သည်။ တစ်ပါးသူက ၎င်းတစ်တို့တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံအစည်နှင့် မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်းကိုခံရမည်။ Capricom (မကာရ)၊ Cancer (ကရကဋ်)၊ Taurus (ပြိဿ)၊ Virgo (ကန်) ၎င်းရာသီခွင် မွေးဖွားသူများဖြစ်ပါက မည်သည့်နေ့ မွေးသောသူဖြစ်စေ မိမိအား အထူးကောင်းကျိုးပေးသောသဘာဝ ရှိမည်။ (သောကြာ၊ ဗုဒ္ဓဟူး၊ အင်္ဂါ) နေ့ မွေးသောသူများနှင့် တည့်သော သဘာဝရှိပါသည်။ အေးချမ်းရိုးသား၍၊ မေးရိုးပါးရိုးမြင့်ကာ၊ အသားလတ်၍၊ ဆံပင်ဖြောင့်ကာ၊ သွက်လက်သော အမူအရာရှိသူနှင့် ဖူးစာဆုံမည်။

ကရဋ္ဋ်ရာသီ (Cancer)


မေတ္တာရေးတွင်မချောမွေ့တတ်ပါ။ အခက်အခဲများ ပြဿနာများ အနှောင့်အယှက်များကြားမှ အိမ်ထောင်ရေးကို ဆုံးဖြတ်ရမည်။ မိဘ၊ ၀န်းကျင် အသိုင်းအ၀ိုင်းမှ နှစ်သက်သူက တစ်ဦး၊ မိမိကိုယ်တိုင်လက်ခံမေတ္တာသက်ဝင်သူက တစ်ဦဖြစ်မည်။ ဘ၀တွင် နှလုံးသားရေးရာ ဆုံးဖြတ်သောအခါတွင်တွေဝေခြင်း၊ ဒွိဟဖြစ်တတ်ခြင်းနှင့် ပတ်ဝန်းကျင်၏ အပြောအဆိုများကို အလွန်ဦးစားပေးလွန်းခြင်းများသည် နှလုံးသားထက် ဦးနှောက်၏ဆုံးဖြတ်ချက်ကို အလေးထားသလိုဖြစ်မည်။ အိမ်ထောင်ဖက်ရွေးသောအခါတွင် အကြံပေးလိုသည်မှာ ရုပ်ဝတ္ထုပိုင်းထက် မိမိက မေတ္တာထားသလို ထားနိုင်သောသူကိုသာ ဦးစားပေးရွေးချယ်သင့်သည်။ ဘ၀တွင် အိမ်ထောင်ဖက်ရွေးသောအခါ တစ်ပါးသူစကားနာယူမှုထက် ကိုယ်တိုင်ဆုံးဖြတ်ပါ။ အဓိက Capricom (မကာရ)၊ Virgo (ကန်)၊ Pisces (မိန်)၊ Cancer (ကရကဋ်) တွင်မွေးသောသူများထဲမှ ရွေးပါက အကောင်းဆုံးဖြစ်မည်။ ၎င်းကာလမှတစ်ပါး တခြားသောကာလတွင် မွေးသောသူများဖြစ်ပါက (တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသာပတေး) နေ့မွေးသောသူများထဲမှ ရွေးရန်အကောင်းဆုံးဖြစ်သည်။ တခြားကာလ၊ တခြားရက်တွင်မွေးသောသူများ သင့်ရုံသာကောင်းသည်။ ကိုယ်လုံး ကိုယ်ထည် တောင့်တင်းတင်း၊ မျက်နှာဝိုင်းကာ အသားလတ်လတ်၊ နှုတ်ခမ်းလှပ၍ သွားစွယ်၊ သွားတက်ရှိသောသူနှင့် ဆုံစည်။ဖူးစာဖက်ရမည်။

မိဿရာသီ (Aries)


မေတ္တာရေးတွင် အပေးသမား ဖြစ်သည်။ ရယူမှုထက် ပေးဆပ်မှုကို ဦးစားပေးသည်။ လူတစ်ဦးတစ်ယောက်ကို ချစ်မိလျှင် မျက်စိအောက်မှ အပျောက်မခံ။ မုန်းမိလျှင် လုံးဝ လှည့်မကြည့်တတ်။ မေတ္တာကို ဦးစားပေးသော အိမ်ထောင်ရေးပို တည်ဆောက်လိုသည်။ သနားချစ်၊ အားနာချစ်ကို ဦးစားပေး၏။ အချစ်ဦးနှင် ဆုံးစည်းကိန်းမရှိပါ။ အသက် ၁၆ မှ ၂၁ အထိ မေတ္တာလမ်းကြောင်း မချောမွေ့ပါ။ အသက် ၂၁ မှ ၂၆ ကြားရောက်မှ မေတ္တာရေးတွင် ချောမွေ့မည်။ ဤရာသီဖွားသည် ချစ်သူများမည်။ အိမ်ထောင်ရွေးသောအခါတွင် နီးစပ်မှုနှင့် အိမ်ထောင်ကျတတ်သည်။ ဤရာသီဖွားများသည် Leo (သိဟ်)၊ Libra (တူ)၊ Sagittarius (ဓနု)၊ Aries (မိဿ) ၎င်းရာသီခွင် လေးခုတွင် မွေးသောသူများနှင့် ကိုက်ညီအကျိုးပေးတတ်သည်။ ၎င်းကာလ လေးခုမှတစ်ပါး တခြားသောကာလတွင် မွေးသောသူများထဲမှ အိမ်ထောင်မေတ္တာဖက်အဖြစ် ရွေးပါက အမည်အတွင်း (စ၊ ဆ၊ ဇ၊ တ၊ ထ၊ န) ပါသောသူနှင့် တည့်ပါသည်။ အသားလတ်၊ နှာတံပေါ်၍ မျက်လုံးမျက်ခုံးကောင်းကာ ဆံပင်ပါးပါး ဖြောင့်ဖြောင့်၊ နှုတ်ခမ်းတွင် မှည့်ပါသော သူနှင့် ဖူးစာဆုံမည်။

ကုမ်ရာသီ (Aquarius)


မေတ္တာရေးတွင် ကံခေသည်။ စိတ်အနှောင့်အယှက်များမည်။ အလွယ်တကူ ချောချောမွေ့မွေ့ မရှိပါ။ ကံဇာတ်ဆရာမှ မိမိအားအလွမ်းသမား၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။ အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင် မှန်းမထားသော အဆိုးများ ၀င်ရောက်မည်။ ကာလအတန်ကြာ လွမ်းမော၍ မေတ္တာထားရမည့်ကိစ္စ၊ ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်။ ပြီးမှ တည်ငြိမ်အေးချမ်းသော မေတ္တာရှင်နှင့် တွေ့ပြီး ဘ၀တွင် အေးချမ်းသွားမည်။ မေတ္တာရေးတွင် လေးလေးနက်နက်သစ္စာရှိရှိ တည်တည်ကြည်ကြည် နေတတ်သည်။ ချစ်သူအပေါ် အခွင့်အရေးမယူ၊ အနိုင်မကျင့်တတ်။ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်ဘက်သို့ ရောက်သွားတတ်သော သဘာဝရှိသည်။ ဘ၀လမ်းကြောင်းတွင် အသက် ၂၆ နှစ်အထိ မေတ္တာရေး နှလုံးသားရေးသည် မချောမွေ့ပါ။ မိမိချစ်သူဘက်မှ မိမိအပေါ် အထင်သေးအမြင်သေးခြင်း၊ နှိမ့်ချခြင်းများ ကြုံမည်။ ၎င်းသူများအပေါ် အံ့ဩလောက်အောင် မိမိကောင်းခြင်းများ ပြသနိုင်လိမ့်မည်။ Gemini (မေထုန်)၊ Leo (သိဟ်)၊ Libra (တူ)၊ Taurus (ပြိဿ) ရာသီဖွားများနှင့် အလွန်လိုက်ဖက်သည်။ (တနင်္လာ၊ သောကြာ၊ စနေ) နေ့မွေးသေားသူများ အထူးကောင်းမည်။ မျက်ဝန်းလှပ၍ မျက်လုံးမျက်ခုံးကောင်းကာ၊ ခန္ဓာကိုယ် ခိုင်မာတောင့်တင်း၍ ဆံပင်ဖြောင့်ကာ၊ နဖူးကျယ်ပြန့်၍ အလွန် အေးချမ်း ချိုသာစွာ ပြောတတ် နေတတ်သောသူများနှင့် ဖူးစာဆုံမည်။